Thumbnail

လွိုင်လင် ဓါတ်တော်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ ပညာနန္ဒ

· 2 min read

ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ပညာနန္ဒသည် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ နားပုံကျေးရွာ အုပ်စု၊ ကြည်တော်ရွာဇာတိဖြစ်ပြီး ကောဇာ ၁၃၁၃ ခု၊ ခရစ်နှစ် ၁၉၅၁ မေလ ၁၅ ရက်နေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။ ခမည်းတော် လုံးစန်းထွမ်းနှင့် မယ်တော် ပါစန်းလွတ်တို့၏တစ်ဦးတည်းသော သားရတနာဖြစ်ပါသည်။
မိုင်းပျဉ်း နမ့်ခုတ်ကျောင်း၊ တောင်ကြီး ကုန်းသာကျောင်းနှင့် ညောင်ရွှေ ရွှေဂူစာသင်တိုက်ဆရာတော်ကြီးများထံ ပရိယတ္တိစာပေသင်ကြားပြီး မြို့နယ်၊ ပြည်နယ်နှင့် အစိုးရစာမေးပွဲများ၌ ဓမ္မာစရိယတန်းအထိ အောင်မြင်ကာ သာသနဓဇဓမ္မာစရိယဘွဲ့ရရှိခဲ့တော်မူသည်။
ခရစ် ၁၉၈၄ ခုနှစ်တွင် သက်ဆိုင်ရာဆရာတော်ကြီးများ၏ သြဝါဒနှင့် ကျောင်းအကျိုးဆောင်များ၏လျှောက်ထားပင့်ဆောင်ချက်အရ လွိုင်လင်မြို့၊ သာသနဝိပုလဓာတ်တော်ကျောင်းတိုက်သို့ ကြွရောက် လာရခဲ့ကာ ယနေ့အချိန်ထိ သာသနာပြုဆောင်ရွက်လျက်ရှိပါသည်။
သာသနာရေးဆိုင်ရာများကို စာမေး/ပြန်ပွဲကိစ္စအပါအဝင် မြို့နယ်သံဃနာယကမှအစ နိုင်ငံတော်ဝိနည်းဓိုရ်၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အထိ အဆင့်ဆင့်ထမ်းဆောင်ခဲ့ရရုံမျှမက နိုင်ငံတော် သံဃာ့မဟာနာယက ဒု-ဥက္ကဋ္ဌတာဝန်ကိုပါ ထမ်းဆောင်ခဲ့ရပါ သည်။ ယခုအခါတွင်မူ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဆရာတော်တာ၀န် တစ်ခုတည်းကိုသာ ထမ်းဆောင်တော်မူသည်။ နိုင်ငံခြားသာသနာပြိုလုပ်ငန်းများအနေဖြင့် တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ၊ ထိုင်း၊ သီရိလင်္ကာ စသောနိုင်ငံမျာသို့ ကြွရောက်သာသနာပြုခဲ့ဖူးပါသည်။
ဆက်ကပ်ခံရသော သာသနာပြုဂုဏ်ထူးဆောင်တံဆိပ်များမှာ နိုင်ငံတော်အစိုးရမှ ချီးမြင့်ဆက်ကပ်သော အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ (၂၀၀၆)၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ (၂၀၀၉)၊ အဂ္ဂမဟာပဏ္ဍိတ (၂၀၁၅) နှင့် ထိုင်းနိုင်ငံ။ မဟာချုလားလောင်းကွန်း တက္ကသိုလ်မှ ဆက်ကပ်သော PhD (Hon) ဘွဲ့(၂၀၁၀)။
ရေးသားပြုစုသောစာအုပ်များမှာ သြဘာမင်္ဂလာအမျိုးမျိုး၊ ဓမ္မစကြာ (၈) လုံးကဗျာ (ရှမ်း/မြန်မာ)၊ မင်္ဂလာ (၈) လုံးဖွဲ့ကဗျာ၊ ဗုဒ္ဓ၀င် (၈) လုံးဖွဲ့ကဗျာ၊ အောင်ခြင်း (၈) ပါး (၈) လုံးဖွဲ့ကဗျာ၊ ဓမ္မစာပေ အလင်္ကာအမျိုးမျိုး၊ ဓါတ်တော်ကျောင်း ငွေရတုစာအုပ်၊ ကိုယ်ရေး အတ္ထုပ္ပတ္တိ၊ ကမ္မာကမ္မ ရဟန်းလက်စွဲစာအုပ် (ရှမ်းဘာသာ) နှင့် ဓမ္မရသစာပေများတို့ဖြစ်ပါသည်။

Ohm Khay

About Ohm Khay

--

LABC © 2024